Saturday, February 14, 2026

🌸 အေးသာယာ ကားကြီးကွင်းရှေ့တွင် ဓါးခုတ်မှု ဖြစ်ပွား

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၁၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခရီးသည်တင်ကားကြီးကွင်းရှေ့ လမ်းမပေါ် တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး ဓါးခုတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ ရပ်ကွက် (၃)၊ နယ်မြေ (၅)၊ အေးသာယာ ခရီးသည်တင် ကားကြီးကွင်းရှေ့ လမ်းမပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ခန့်က အမျိုးသားတစ်ဦးအား အမည်မသိ ဆိုင်ကယ်စီးနင်း လာသူ အမျိုးသားတစ်ဦးက နောက်မှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါးခုတ်ခံရသူမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဓါးခုတ်ခံရမှုကြောင့် ယာဘက်ပါး ၆ လက်မခန့် ပေါက်ပြဲဒဏ်ရာ စိုးရိမ်ဖွယ် ရရှိခဲ့ပြီး ၎င်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ကျူးလွန်သူ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ဂနိုင်ငယ်ကျေးရွာနေ ခွန်မောင်ဘိ အား အေးသာယာ-စက်မှုဇုန်သွား ကားလမ်းနှင့် တိုင်းလုံလမ်းဆုံ နေရာ၌ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ ဓါးတစ်ချောင်း တို့နှင့်အတူ ညနေ ၆ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

“အကြွေးကိစ္စ ငွေပေး၊ ငွေယူကိစ္စကြောင့် ဖြစ်ကြတာ။ စကားများရင်းနဲ့ ဖြစ်သွားတာပေါ့။ ဒဏ်ရာက များတယ် ဆိုပေမဲ့ မသေနိုင်လောက်ပါဘူး” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

သို့ဖြစ်၍ အဆိုပါ ဓါးခုတ်မှု ကျူးလွန်သူအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #AyeTharYar #Crime

.

No comments:

Post a Comment