Saturday, April 25, 2026

🌸 လားရှိုးတွင် ကားပွဲစားတစ်ဦး အသတ်ခံရ

.

လားရှိုး၊ ဧပြီ ၂၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဧပြီလ ၂၁ ရက်က ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မော်တော်ယာဉ် ဝယ်ရောင်း ပြုလုပ်သည့် ကိုဆန်းအောင်သည် ဧပြီလ ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကားဝယ်မည့် အမျိုးသား ၂ ဦးအား ကားသွားပြပြီးနောက် အမျိုးသား ၂ ဦးက ကား စမ်းမောင်းမည်ဟု ဆိုသဖြင့် အတူ လိုက်ပါသွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကိုဆန်းအောင်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

“ကားကိုတွေ့တွေ့ချင်းပဲ အဲ့နှစ်ယောက်က စမ်းမောင်း မယ်ဆိုပြီး သူတို့သုံးယောက် ကားပေါ်ကို တူတူ တက်သွားကြပါတယ်လို့ ပြောပါတယ်။ သူတို့ထဲက တစ်ယောက်က မောင်းပြီးနောက် တစ်ယောက်က အနောက်မှာ ထိုင်ပါတယ်။ အကိုက driver ဘေးခုံမှာ ထိုင်ပြီးလိုက်သွားတယ်လို့ သိရပါတယ်။ အဲ့နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာတော့ လားရှိုးမြို့ရဲ့ နာမည်ကြီးဘုရားဖြစ်တဲ့ သာသနာ ၂၅၀၀ တောင်ခြေမှာ ကျွန်တော့် အကိုရဲ့ Dead Body ကို လုံးဝမမျှော်လင့်ပဲ တွေ့ခဲ့ရပါတယ်” ဟု သေဆုံးသူ ကိုဆန်းမောင်၏ ညီဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦးက “ကားကတော့ မနေ့က ပြန်တွေ့ ပါပြီ။ တရားခံကတော့ လိုက်တုန်းပဲပါ။ နာမည်တွေတော့ မသိရသေးဘူး။ သူတို့ ပုံပန်းသဏ္ဌာန်တွေတော့ ရပြီးပါပြီ” ဟု ပြောသည်။

.

အသတ်ခံရသည့် မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုဆန်းအောင် မှာ အသက် ၃၉ နှစ်ခန့် ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူ၊ ဇနီးနှင့် သမီးနှစ်ဦး၊ ညီဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

.

လားရှိးမြို့တွင် ဧပြီလ ၂ ရက်ကလည်း ပန်ဆန်း - လားရှိုး ပြေးဆွဲနေသည့် ကားသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

.

#ShanGazette #Lashio #Crime

.


No comments:

Post a Comment