.
အေးသာယာ၊ ဇွန် ၁၅
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ
ပြည့်တန်ဆာခန်းတစ်ခုတွင် အသက်မပြည့် သေးသည့် မိန်းကလေးငယ် ၂ ဦး လိမ်လည်ရောင်းစားခံရမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့နေ အသက် ၁၆ နှစ်နှင့် ၁၇
နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးသည် ဇွန်လ ၁၃ ရက်တွင် ရွှေညောင်မြို့သို့
ရောက်ရှိခဲ့ပြီး ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ အမျိုးသမီး ၂ ဦးနှင့်
တွေ့ဆုံခဲ့ကာ မိန်းကလေးငယ်များအား အေးသာယာမြို့ရှိ KTV တစ်ခု၌
အလုပ် အပ်ပေးမည်ဖြစ်ကြောင်းနှင့် လစာ ကောင်းကောင်းပေမည်ဟု ပြောဆိုစည်းရုံး၍
အေးသာယာမြို့ရှိ နန်းရွှေရည် ပြည့်တန်ဆာခန်း၌ တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ
လိမ်လည်လှည့်ဖျား ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မိန်းကလေးငယ် နှစ်ဦးသည် ယင်းအမျိုးသမီး
ပြန်သွားပြီးနောက် ညပိုင်းအချိန်မှသာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေသည့်
အိမ်ဖြစ်သည်ကို သိရှိခဲ့ရပြီး နောက်တစ်နေ့ ဇွန်လ ၁၄ ရက်တွင် မိန်းကလေးငယ်တစ်ဦးမှ
ထွက်ပြေးခဲ့ကာ ရွှေညောင်-ရပ်စောက်လမ်းဆုံ မီးပွိုင့်တွင် တာဝန်ကျနေသော
ယာဉ်ထိန်းရဲအား အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“တစ်ယောက်က ကျောင်းကြီးစုရပ်ကွက်က၊ တစ်ယောက်က
ဘုရားဖြူရပ်ကွက်ကလို့ သိရတယ်။ လိမ်ပြီးတော့ ပြည့်တန်ဆာခန်းမှာ
လိမ်လည်ရောင်းစားခံရတာပါ” ဟု တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။
.
သို့ဖြစ်၍ ယာဉ်ထိန်းရဲမှ
အေးသာယာနယ်မြေရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး အေးသာယာ ရဲစခန်းမှ
တပ်ဖွဲ့ဝင်တစ်ဦးက ထွက်ပြေးလွတ်မြောက်လာသည့် မိန်းကလေးငယ်နှင့် နန်းရွှေရည်
ပြည့်တန် ဆာခန်းတွင် ကျန်ရှိနေသည့် ကျန် မိန်းကလေးငယ်အား
သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူက
“ကျွန်တော်တို့ဆီမှာ လာတိုင်တာ တော့ မရှိပါဘူး။ တကယ်လို့ သာ အေးသာယာမှာ အဲဒီလိုရောင်းစားခံရရင်
ကျွန်တော်တို့ကို လာပြောမှာပေါ့။ တကယ် ကျွန်တော်တို့ဆီမှာ ဖြစ်သွားတယ်၊
ပြဿနာတက်တယ်၊ ကျွန်တော်တို့ဆီ ရောက်လာတယ် ဆိုရင်တော့ ဖြေရှင်းရမှာပေါ့” ဟု
ပြောဆိုခဲ့သည်။
.
#ShanGazette #AyeTharYar #HumanTrafficking
.

No comments:
Post a Comment