.
တာချီလိတ်၊ ဇွန် ၉
.
မဲခေါင်မြစ် ရေနက်စီးကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း
ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊
ဝမ်ကောင်းရပ်ကွက်ရှိ ဇန်းမွန်အာခါဟိုတယ်တွင် မြန်မာ-လာအို နှစ်နိုင်ငံ ပူးတွဲနည်းပညာအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း
သိရသည်။
.
.အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက
မဲခေါင်မြစ်အတွင်း နယ်နမိတ်အမှတ် (၂) နှင့် (၇) အကြား မြန်မာဘက်ခြမ်း၌
ဆောင်ရွက်ခဲ့သည့် မူလရေနက်စီးကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၏ ပြီးစီးမှု အခြေအနေ၊
လုပ်ငန်းဆောင်ရွက်ခဲ့မှု ရလဒ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့်
ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ထိုနောက် နှစ်နိုင်ငံကိုယ်စားလှယ်များက မူလ ရေနက်စီးကြောင်း
ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အောင်မြင် စွာ ပြီးစီးခဲ့ခြင်းနှင့် စပ်လျဉ်း၍
သဘောတူညီခြင်း အသိအမှတ်ပြုစာ (Certificate of Acknowledgement) အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
.
အစည်းအဝေးသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားနယ်နမိတ် ကော်မတီရုံး
ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Senglasy THESTHANY ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် ၁၁ ဦးနှင့် မြန်မာနိုင်ငံ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ၉
ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုသည် မြန်မာ-လာအို
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုခိုင်မာစေသည့်အပြင် မဲခေါင်မြစ်၏ ရေကြောင်းသွားလာရေး လုံခြုံချောမွေ့ရေး နှင့်
ဒေသတွင်း စီးပွားရေးဖွံဖြိုးတိုးတက်ရေး အတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ်
ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment