Tuesday, June 9, 2026

🌸 ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရကြောင်း ပြည်နယ် ဝန်ကြီး ပြောကြား

.

တောင်ကြီး၊ ဇွန် ၉

.

ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင် ဆောင်ရွက် ပေး၍ မရနိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ခွန်သန်းထူးက လွှတ်တော်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ လွှတ်တော် အစည်းဝေးတွင် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၏ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ဒေသတွင်း အထူးအခွန်နှုန်းထား သို့မဟုတ် မှတ်ပုံတင် သတ်မှတ်ချက် တစ်ခုခုဖြင့် သတ်မှတ်ကာလတစ်ခုအတွင်း တရားဝင်လိုင်စင်ပြုလုပ်ပေးရေး ရှမ်းပြည်နယ် အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

.

လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခွန်သန်းထူးက ပြန်လည်ဖြေကြားရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့်  ပြည်တွင်းမှ တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကိုသာ မှတ်ပုံတင်ဆောင်ရွက်ခွင့် ရှိပါသောကြောင့် ရှမ်းပြည်နယ်အတွင်းသို့ ရောက်ရှိနေသော တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင် ဆောင်ရွက်ပေး၍ မရပါကြောင်း ပြောဆိုခဲ့သည်။

.

“အဓိက က လိုင်စင်ရရှိရေးမှာ လိုင်စင်ရှိတဲ့ကားနဲ့ လိုင်စင်မရှိတဲ့ကား ဘာကွာနေတာလဲ။ ဈေးနှုန်းကွာတယ်။ ဈေးနှုန်းကျသွားမယ်၊ ဈေးနှုန်းက မတိမ်းမယိမ်း ဖြစ်နေမယ်ဆိုရင် ဒီဟာ (လိုင်စင်မဲ့ယာဉ်) က တဖြည်းဖြည်း ပပျောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က လိုင်စင်ရရှိရေး၊ မရရင် ပပျောက်ရေးပါပဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောသည်။

.

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ‌ရောက်ရှိလာသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ ပပျောက်စေရေး နှင့် ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် စီမံချက်များ ရေးဆွဲပြီး တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ သော်လည်း တရားမဝင် ဝင်ရောက်မှုများ ရပ်ဆိုင်းခြင်းမရှိဘဲ ထပ်မံဝင်ရောက်လျက်ရှိကြောင်း တွေ့ရှိရ သဖြင့် တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနိုင်ရန် ၂၀၂၃ ခုနှစ်မှ စတင်၍ မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ် များကို မှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုထားသည်။

.

#ShanGazette #Taunggyi #Hluttaw

.

No comments:

Post a Comment