Monday, June 15, 2026

🌸 ပင်းတယမြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

.

ပင်းတယ၊ ဇွန် ၁၅

.

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကူးကော်ကျေးရွာအုပ်စု၊ စံသီးကုန်းကျေးရွာတွင် ဇွန်လ ၁၃ ရက်၊ ညပိုင်းက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇော သည် ဇွန်လ ၁၃ ရက်၊ ည ၈ နာရီခွဲခန့်က စံသီးကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့ဝင် ၉ ဦးက ဆိုင်ကယ်များ ဖြင့် ရောက်ရှိလာပြီး ပြည်သူ့စစ်မှုထမ်းအတွက် ကောက်ခံထားသည့် ငွေများပေးရန် ‌တောင်းခံခဲ့ရာ ဦးကျော်ဇောက ၎င်းအနေဖြင့် ကောက်ခံခြင်းမရှိကြောင်းနှင့် ငွေများမရှိကြောင်း ပြန်လည်ပြောဆိုစဉ် လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့နောက် အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဦးကျော်ဇော၏ ဖခင်နေအိမ်မှ KAMAX 110  အစိမ်း/မီးခိုရောင် ဆိုင်ကယ် ၁ စီး၊ New ZINIC 125 Alpha အဖြူရောင်ဆိုင်ကယ် ၁ စီး၊ အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေကျပ် ၂၂ သိန်းနှင့် ရွှေလက်စွပ် ၃ ကွင်း အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ၁၉၂ သိန်း ခန့်ရှိ ငွေနှင့် ပစ္စည်းများအား ယူဆောင်ကာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

.

ပစ်ခတ်မှုကြောင့် ဦးကျော်ဇောတွင် ယာဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ဂုတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက် ဆီးခုံစပ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ဘေး  ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်၊ ကျောက်ငှက်ရွာတွင် အမျိုးသား ၂ ဦးကို အမည်မသိ လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

.

#ShanGazette #PinDaYa #Crime

.

No comments:

Post a Comment