.
တောင်ကြီး၊ ဇွန် ၁၃
.
၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို
ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဘေး၊ နောင်တလိကျေးရွာရှိ
တောင်ကြီး (ထင်း) စိုက်ခင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးက သစ်ပင်များ စိုက်ပျိုးခြင်းသည် လူသားများ အပါအဝင် သက်ရှိလောကအတွက်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းညှိမှုများတွင် အဓိက အရေးပါသည့်အတွက် အနာဂတ် ရင်းနှီးမြှုပ်နှံမှုတစ်ခု
ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ပတ်ဝန်းကျင်
စိမ်းလန်းစိုပြေရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးနှင့်
သစ်တောပြုစု ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး၊
အင်းလေးကန် ရေဝေရေလဲဒေသ သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရေး စသည်ရည်ရွယ်ချက်များဖြင့်
ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ်က ရှိပြီးသား
သဘာဝသစ်တောများကို တန်ဖိုးထား ထိန်းသိမ်းပြုစုခြင်းနှင့် သစ်တော မရှိသည့် နေရာတွင်
သစ်ပင်စိုက်ပျိုးခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် တိုက်ရိုက်
အကျိုးဖြစ်စေရုံ သာမက ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်း က
ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သလို လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက်လည်း အဓိက
ကျကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင်
အပင်အမြင့် ၃ပေနှင့် အထက်ရှိသော ခရေ၊ ထင်းရှူး၊ ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊
စိန်ပန်းနီ၊ မာတာကွတ် စသည့် သစ်မျိုး ၇ မျိုး၊ ပျိုးပင် ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်
မိုးရာသီတွင် သစ်မျိုး ၄၇ မျိုး၊ ပျိုးပင်ပေါင်း ၂၄ သိန်း ကျော်
ပျိုးထောင်ထားရှိပြီး သစ်တောသစ်ပင် ၁၂ သိန်းကို သစ်တော ဦးစီးဌာနက
တာဝန်ယူစိုက်ပျိုးကာ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့ နှင့် ပြည်သူလူထုများသို့
သစ်တောသစ်ပင် ၁၂ သိန်းကျော်ကို ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့
အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်နှင့် သင်တန်းကျောင်း
အသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment