Thursday, June 18, 2026

🌸 NSPNC ကိုယ်စားလှယ်အဖွဲ့ အထူးဒေသ (၄) ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး

.

မိုင်းလား၊ ဇွန် ၁၈

.

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) (မိုင်းလား) တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

.

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC ကိုယ်စားလှယ် အဖွဲ့ကို အထူးဒေသ(၄) ငြိမ်းချမ်းရေး နှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် ခေါင်းဆောင်အစုအဖွဲ့က ကြိုဆိုခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အလွတ်သဘော ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အထူးဒေသ (၄) က သတင်းထုတ်ပြန်ထားသည်။

.

ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိက ဦးစားပေးပြီး၊ အထူးဒေသ (၄) အပါအဝင် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ အဖွဲ့အစည်းများအကြားရှိ အပြန်အလှန် နားလည်ယုံကြည်မှုကို ပွင့်လင်းသော ဆက်ဆံဆွေးနွေးမှုများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညှိနှိုင်းမှုများမှတဆင့် တဖြည်းဖြည်း မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ‌ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

.

ထို့အပြင် အထူးဒေသ (၄) ဥက္ကဋ္ဌ ဦးထိန်လင်းက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ ပညာရေးကဏ္ဍ မြှင့်တင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝ တည်ငြိမ် အေးချမ်းရေးတို့အပေါ် ထားရှိသည့် နိုင်ငံတော်၏ သဘောထား လမ်းညွှန်ချက်များကို ထောက်ခံလျက် ရှိကြောင်း၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းတွင်လည်း အပြုသဘောဆောင် တက်ကြွစွာပါဝင်ပြီး နယ်စပ်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရသည်။

.

အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် နားလည်ယုံကြည်မှု တိုးမြှင့်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် မြှင့်တင်ရေးတို့အပြင်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်တက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အစားထိုးသီးနှံ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ကုသရေးကဏ္ဍ  စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

အထူးဒေသ (၄) သည် ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်းချမှတ်ခဲ့သော “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် ပင်မလမ်းစဉ်အတိုင်း ဆက်လက် ခိုင်မာစွာ လျှောက်လှမ်း၍၊ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ကာ၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဉ်ဆက်မပြတ် ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အဆင့် လုပ်ငန်းကိစ္စရပ် အသီးသီးတို့တွင်လည်း အဆက်ဆက် အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးစု ပြည်သူလူထုတရပ်လုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထူးဒေသ (၄) က ထုတ်ပြန်ထားသည်။

.

#ShanGazette #SR4 #MongLa #NSPNC

.

No comments:

Post a Comment