Friday, June 19, 2026

🌸 ဖယ်ခုံမြို့နယ်ရှိ နေရပ်ပြန် စိုက်ပျိုးတောင်သူများအား မိုးစပါးမျိုး‌စေ့များ ပေးအပ်

.

ဖယ်ခုံ၊ ဇွန် ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ နေရပ်ပြန် စိုက်ပျိုးတောင်သူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့များ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

မျိုးစေ့ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဒေါ်အေးချိုစိန်က ရှမ်းပြည်နယ် အစိုးရအနေဖြင့် နေရပ်ပြန်ပြည်သူများအား စိုက်ပျိုးမြေ ပြုပြင်ဆဲကာလ၌ မိုးစပါးမျိုးကောင်းမျိုးသန့် များဖြန့်ဖြူးပေးအပ်မည်ဖြစ်ကြောင်း၊ မိမိဒေသ ဝမ်းစာဖူလုံရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေးသည် အရေးကြီးကြောင်း၊ တောင်သူများ၏ စိုက်ပျိုးစရိတ် လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ရွှေရင်အေးစပါးနှင့် ရွှေအပ်စပါးမျိုးစေ့များကို ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

.

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးကိန်မန်၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်ငွေလှိုင်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်အေးချိုစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ရင်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်တို့က နေရပ်ပြန်မိုးစပါးစိုက်တောင်သူများ အား ရွှေရင်အေး စပါးနှင့် ရွှေအပ်စပါးမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ရာ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာ အုပ်စုတို့မှ တောင်သူများက လက်ခံရယူကြပြီး တောင်သူလယ်သမားများ ကိုယ်စား မိုးဗြဲကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

.

အဆိုပါ မျိုးစေ့ ပေးအပ်ပွဲတွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုရှိ လယ်မြေဧက ၈၀၀ ကျော်နှင့် ကုန်းဆုံကျေးရွာအုပ်စုရှိ လယ်မြေဧက ၃၀၀ ကျော်၊ စုစုပေါင်းဧက ၁၂၁၂ ဧကအတွက် စပါးတင်း ၁၈၁၈ တင်းအား နေရပ်ပြန် မိုးစပါးစိုက်တောင်သူ ၆၂၄  ဦးထံ လက်ဝယ်အရောက်ဖြန့်‌ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

.

#ShanGazette #PeKon

.

No comments:

Post a Comment